Profile cover photo
Profile photo
AH
20 followers
20 followers
About
Posts

Post has attachment
စ်ကူးဆိုသည်မှာ တရုတ်နှစ်သစ်ကူးကို ဆိုလိုသည်။  “တရုတ်နှစ်သစ်ကူးပွဲတော်ဘယ်က စတယ်” ဆိုတဲ့ပိုစ့်လေးကို မနှစ်က တင်ဖြစ်သည်။  စိတ်ဝင်စားသူများ ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါ။  ဘာလိုလိုနှင့် ချိနခေါ် ကာဋ္ဌေးခေါ် စီလုတ်ပြည်ကြီးတွင် နှစ်သစ်ကူးရသည်မှာ ခုဆိုလျှင် ၃ နှစ်ရှိပေပြီ။   “ကုန်စီး… ကုန်စီး…. ကုန်စီးနီရာ… ကုန်စီး… ကုန်စီး… ကုန်စီး..နီ” ဆိုပြီးတော့ လမ်းတွေမှာ သီချင်းတွေ ဖွင့်ကြသည်။  ကုန်းစီးဖားချိုင်ဆိုပြီးတော့ လူတွေ့လျှင် “မင်္ဂလာ နှစ်သစ်ကူးပါ” ဆိုပြီး နှုတ်မဆက်လေနှင့် “အမ်ပေါင်း နားလိုင်” ဆိုပြီးမေးသည်။  အမ်ပေါင်းကတော့ ဘယ်နားမှာနေမှန်းမသိ။  လူတွေ့တိုင်း အမ်ပေါင်း ပေးရလျှင် သေရချည့်။
          ဟိုနား ဒီနား ဘယ်သွားသွား တဖောင်းဖောင်း ဖောက်လိုက်တဲ့ ဗျောက်အိုးတွေမှ သောက်သောက်လဲ။  တစ်ခါတစ်လေ ညအိပ်ကောင်းနေတုန်း အုန်းဒိုင်းဆိုပြီး ဆူညံနေလို့ လန့်နိုးရတဲ့ ညတွေလဲ ရှိရဲ့။  နှစ်သစ်ကူးဆိုသည်မှာ စီလုတ်ပြည်ကြီးမှာတော့ အလွန်အရေးကြီးတဲ့ ပွဲတော်ကြီး။  အနယ်နယ်အရပ်ရပ်က မိသားစုတွေ တစ်နှစ်တစ်ခါ ပြန်လည်ဆုံစည်းရတဲ့ အချိန်။  တရုတ် စတော့ ဈေးကွက်မှာ ၁၁ လပဲ အလုပ်လုပ်သည်။  ဖေဖော်ဝါရီ တရုတ်နှစ်သစ်ကူးချိန်ဆိုလျှင် စတော့ ဈေးကွက် မှာ မြားဦးက အောက်ခြေထိလုနီး။ 

          တရုတ်နှစ်သစ်ကူး မတိုင်ခင်ဆိုလျှင် ကုမ္ပဏီတွေက နှစ်ကူးမတိုင်ခင် နှုတ်ဆက်ပွဲ ဒင်နာတွေ ဘာတွေလုပ်ကြသည်။  ဋ္ဌာနအလိုက်လုပ်ကြတာရှိသလို… ကုမ္ပဏီလုံးကျွတ် လုပ်တာတွေလည်းရှိသည်။  ခု သင်္ဘောဆောက်နေတဲ့ ကုမ္ပဏီမှာတော့ ၀န်ထမ်းပေါင်း ၁သောင်းခွဲလောက်ရှိတော့ ကုမ္ပဏီလုံးကျွတ် လုပ်ဖို့ရာမလွယ်။  ဟိုတစ်စု၊ ဒီတစ်စုသာ လုပ်ကြပြီး လုပ်သမျှ ပွဲတိုင်း လိုက်စားဖို့သာ။  သို့သော် စားကောင်းခြင်းမစားရ၊  သူတို့၏ ပိုင်ကျိုဟု အမည်နာမ သက်ရောက်စေသော ဆန်အရက်၊ ၅၆% အဲလ်ကိုဟော ပါသော ခွက်ကို ကမ်းပေးဟုဆိုကာ ဂွက် ကနဲမော့သောက်ရသည့် ထုံးစံက တော်တော်ကို ကသိကအောက်ရောက်သည်။  လူ ၂၀ ၀ိုင်းတွင် ညစာစားပါက တစ်ယောက်ခြင်း ကမ်းပေး လုပ်လိုက်လျှင် one round ခွက် ၂၀၊ ဘယ်လိုမှ မခံနိုင်၊ သွက်သွက်ခါလေ၏။  ဒါမျိုးကို ဘယ်နှစ် round မှန်းမသိ round လေသော် ဂွမ်းလေ၏။
          စီလုတ်ပြည်ကြီး ရောက်စက အထာမသိ၊  ဒီကောင်တွေက အမူးတိုက်ခြင်းဖြစ်သည်။  လူဆိုသည်မှာ မူးလျှင် ဗီဇမှန်ပေါ်သည်၊  ထို့ကြောင့် ဒီလူ၏ အတွင်း ဗီဇ ကောင်းမကောင်းသိချင်လျှင် အမူးတိုက်၊  ပြီးလျှင် အကဲခတ်ဟု နောက်ကျမှ ပြောသံကြားမိသည်။  အစပိုင်းတုန်းကပြောသည်… ဟေ့ကောင်တွေ ငါ့ကို အမူးမတိုက်နဲ့ ငါမူးရင် မလွယ်ဘူး ဆိုတော့ သောက်သာသောက် ကျန်တာငါတို့တာဝန်ယူတယ် ဘာညာ နဲ့ အမူးတိုက်လေ၏။ မူးလေသော်……. ငါမူးလျှင် မလွယ်ဘူးဆိုသောအရာကို သူတို့သဘောပေါက်သွားကြသည်။  အိမ်သာခွက်ထဲ ခေါင်းစိုက်လိုက်သည်မှာ ဆိုင်ပိတ်ပြီး… မီးတွေမှိတ်၊ တစ်ဝိုင်းထဲကျန်တဲ့အထိ အခန်းထဲက အိမ်သာခွက်ထဲမှာ ခေါင်းစိုက်တုန်း။  ဆိုင်ရှင်က ဆိုင်ပိတ်ချင်တယ် ဘာညာလာပြောလဲ လက်သာ ထောင်ပြနိုင်သည်။  ဥသြသံတို၊ သံရှည်၊ သံလတ် မနား မီးရထားကြီး ခုတ်လိုက်သည်မှာ ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်သည်အထိ။  ကျန်တဲ့လူတွေကတော့ ငုတ်တုတ်ထိုင်စောင့်ယူရသည်။  နောက်တော့မှ ဟိုတယ်ကို ကားမောင်းပြန်တော့ ပို့ရှာသည်။  ထိုမှစ၍ ဘယ်တော့မှ အမူးမတိုက်တော့ချေ။
Add a comment...

Post has attachment
ပြင်သစ် နိုင်ငံရဲ့ မြို့တော် ပါရီ (Paris) မှာတော့ ယခုအခါ ပျိုပျိုမေတို့အတွက် သတင်းကောင်း ဥပဒေကို ပြင်ဆင်မွန်းမံလိုက်ပါပြီ။  ဒီ ဥပဒေကတော့ အမျိုးသမီးတွေဟာ တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့် ရပါပြီတဲ့။  ၂၁၄ နှစ်ကြာ တားမြစ်ထားတဲ့ ဥပဒေကို ၁၇၉၉ ခုနှစ်မှာ စတင်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီးတော့ အဲဒီအချိန်တုန်းက အမျိုးသမီးတွေဟာ ဘောင်းဘီရှည်ဝတ်ဆင်ချင်ရင် ရဲအရာရှိဆီမှာ အထူးခွင့်ပြုချက်ကို ရယူရမယ်လို့ ဆိုထားတာပါ။  ၁၈၉၂ ခုနှစ်မှာတော့ အကယ်၍ အမျိုးသမီးဟာ မြင်းဇက်ကြိုးကို ကိုင်ထားမယ်ဆိုရင်တော့ ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ရမယ် လို့ ပြင်ဆင်ခဲ့ပါတယ်။  ၁၉၀၉ ခုနှစ်မှာတော့ ဒီဥပဒေကို ထပ်မံပြင်ဆင်ခဲ့ပါတယ်။  ဒါကတော့ အမျိုးသမီးဟာ စက်ဘီးစီးနင်းနေတဲ့အခါ ဒါမှမဟုတ် စက်ဘီးဂိုက်ကို ကိုင်ထားတဲ့အချိန်မှာဆိုရင် ဘောင်းဘီ ပုံစံအမျိုးမျိုး ၀တ်ဆင်ခွင့်ရှိတယ်ဆိုတာပါ။  ၁၉၄၆ ခုနှစ်မှာတော့ ယောက်ျားများနည်းတူ အမျိုးသမီးများ တန်းတူအခွင့်အရေး ရလာတော့ ဒီဥပဒေ ဟာ မျက်စေ့စပါးမွှေးစူးစရာဖြစ်လာပါတယ်။  ခုတော့ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ၀န်ကြီးက အမျိုးသမီးတွေကို တရားဝင် ဘောင်းဘီရှည် ၀တ်ဆင်ခွင့်ပေးလိုက်ပါပြီ။  ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိပါတယ်။  ခေတ်မမီတော့တဲ့၊  ဒါမှမဟုတ် အများအမြင်မသင့်လျှော်တဲ့ ဘောင်းဘီရှည်မျိုးကိုတော့ ၀တ်ဆင်ခွင့် မရှိပါဘူးတဲ့။  ဘာကြောင့်ရယ်တော့ အကျွန်လဲ မလျှောက်တတ်။

နောက်ထပ် ကြောင်တောင်တောင် ဥပဒေလေးတွေလည်း ပြင်သစ်မှာ ရှိပါသေးတယ်။

မနက် ၈နာရီမှ ည၈နာအတွင်း ၇၀%နှုန်းသော ရေဒီယိုမှ ထုတ်လွှင့်တဲ့ သီချင်းတွေဟာ ပြင်သစ် အနုပညာရှင်တွေရဲ့ သီချင်းတွေ ဖြစ်ရပါမတဲ့။

ရထားလမ်းတွေပေါ်မှာ နမ်းခြင်းဟာ ဥပဒေကို ချိုးဖောက်ပါတယ်။

ဘယ်ဝက်ကိုမှ သူ့ရဲ့ သခင်က နပိုလီယံဆိုတဲ့ နာမည် မှည့်ခွင့် မရှိပါဘူး။

ရဲအရာရှိ ဒါမှမဟုတ် ရဲကားကို ဓာတ်ပုံရိုက်ခြင်းဟာ ဥပဒေကို ချိုးဖောက်ပါသတဲ့။  ဓာတ်ပုံရိုက်ရင်း ရဲတစ်ယောက်ယောက် ဖြတ်လျှောက်သွားရင်တောင် မြင်ကွင်းထဲ ပါအောင် မရိုက်ရမယ့်ပုံပေါက်နေပြီ။
Add a comment...

Post has attachment

CA0162 ဆိုတာက ချန်ပန်ဇီ မျောက်ကလေးရဲ့ နာမည်ပါ။  သူ့ဘ၀က တစ်ကယ်တမ်းတော့ ပျော်ရွှင်စရာ ဘ၀တစ်ခုမဟုတ်ခဲ့ပါဘူး။  ၁၀ ရက်သားအရွယ်ကလေးမှာပဲ သူ့မိခင်လက်ထဲကနေ စမ်းသပ်ခန်းထဲကို ရွှေ့ပြောင်းခံခဲ့ရတယ်။  အဲဒီ သိပ္ပံစမ်းသပ်ခန်းထဲမှာပဲ သူဟာ ကူညီရာမဲ့ စမ်းသပ်မှု့မျိုးစုံကို ခံခဲ့ရတယ်။  ရင်ကြပ်ပန်းနာဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ စသည် စသည်အားဖြင့် ဆေးမျိုးစုံစမ်းသပ်ဖို့ရာ သူ့ကိုယ်ထဲကို ထိုးသွင်းခြင်းခံခဲ့ရတယ်။  ဒီလိုနဲ့ သူ့ရဲ့ အသည်းဟာလည်း ဆိုးဆိုးဝါးဝါးကို ထိခိုက်ခဲ့ရပါတယ်။  သူ့ရဲ့ ရင်ဘတ်မှာ စမ်းသပ်ခန်းကနေပြီးတော့ CA0162 ဆိုတဲ့ စာတမ်းကို ဆေးမှင်ထိုးထားပါတယ်။



          နောက်ပိုင်း အဲဒီ ဓာတ်ခွဲစမ်းသပ်ခန်း ပိတ်သွားတော့ သူ့ကို စမ်းသပ်ခန်းထဲမှာ သနားစရာတွေ့ရှိရတာပါပဲ။  ဒီလို စမ်းသပ်ခန်းတွေမှာ မွေးဖွားလာတဲ့ မျောက်တွေဟာ သူတို့ရဲ့ အသက် ၅၀ သက်တမ်းအတွင်းမှာ နေရောင်ခြည်ကိုတစ်ခါမှ မမြင်ဖူးသွားကြပါဘူး။  တစ်ချိန်လုံး စမ်းသပ်ခံနေကြရင်းနဲ့ ဘ၀တစ်ခု ဖြတ်သန်းသွားရတာပဲ။  ဒါပေမယ့် CA0162 ဆိုတဲ့ ချန်ပန်ဇီလေးကတော့ ကံကောင်းခဲ့ပါတယ်။  ဒေါက်တာ နွန်ဆိုတဲ့ တိရိစ္ဆာန်ချစ်တတ်တဲ့ ဆရာဝန်တစ်ယောက်က သူ့ကို ကယ်ဆယ်ခဲ့ပြီးတော့ ဖလော်ရီဒါမှာ သူတို့အတွက် နားခိုရာလေးကို ဖန်တီးပေးခဲ့ပါတယ်။ CA0162 ဆိုတဲ့ ချန်ပန်ဇီလေးရဲ့ သိပ္ပံနာမည်ကနေ Clay ဆိုတဲ့ နာမည်ကို ပေးထားပါတယ်။


          ဒါပေမယ့် ဒေါက်တာနွန်ဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကထည်းက ကင်ဆာရောဂါနဲ့ အသက် ၅၉နှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။  လောလောဆယ် ဖလောရီဒါက အဆိုပါ မျောက်ကလေးတွေတစ်ကောင်ကို ကြည့်ရှု့စောင့်ရှောက်စရိတ်က တစ်နှစ်ကို ပေါင် ၁ သောင်းကျော်လောက်ရှိပါသတဲ့။  ရုပ်ရှင်မင်းသမီး အိန်ဂျယ်လီကာ ဟူစတင်လိုမျိုး တိရိစ္ဆာန်ချစ်တဲ့ လူတွေက ၀ိုင်းဝန်းပြီးတော့ ကြည့်ရှု့စောင့်ရှောက်ကြပေမယ့်  ဒီလိုမျိုးစရိတ်ကို ရရှိဖို့ရာ မလွယ်လှပါဘူး။


          အဆိုးတွေထဲက အကောင်းတစ်ခုကတော့ Clay ဟာ ပန်းချီဆွဲတတ်တာပါပဲ။  ခုဆိုရင် သူ့ရဲ့ ပန်းချီကား တစ်ခုကို ၉၅ပေါင်နဲ့ ရောင်းချနေပါတယ်။  ဒီအတွက် ရတဲ့ငွေတွေဟာ သူ့ရဲ့ ဘ၀တူ မျောက်ကလေးတွေရဲ့ ဘ၀ကို အသက်ဆက်ပေးနိုင်မှာဖြစ်ပါတယ်။  ကြမ်းတမ်းလှတဲ့ ဘ၀ကို ဖြတ်သန်းလာခဲ့ရတဲ့ Clay ဟာ လူတွေနဲ့ ယဉ်ပါးနေတာတော့ မဟုတ်ပါဘူး။  သူဟာ အမြဲတမ်းရန်လိုနေတတ်ပါတယ်။  သူဟာ တစ်ခြားသော မျောက်တွေနဲ့လဲ အတူတစ်ကွ နေထိုင်ခြင်းမရှိပါဘူး။  သူ့ရဲ့ အချိန်တွေကို ပန်းချီဆွဲခြင်း၊ အရုပ်တွေနဲ့ကစားခြင်းတို့ဖြင့်သာ ကုန်ဆုံးစေပါသတဲ့။  ဒီလိုနဲ့ပဲ စမ်းသပ်ခန်းထဲက မျောက်ကလေးတွေရဲ့ ဘ၀ဟာ ကုန်ဆုံးဦးမှာပါပဲ။
Add a comment...

Post has attachment
သူ့အရပ်နဲ့ သူ့ဇာတ် ဆိုသလို နေရာဒေသလေးတွေနဲ့ ပါတ်သတ်ပြီးတော့ အစွဲအလမ်းလေးတွေလည်း ရှိကြပါတယ်။   တရုတ်ပြည်က တချို့နေရာတွေမှာလည်း ဒီလို အစွဲလေးတွေကို တွေ့ရတတ်တာပဲ။ 

အခါတော်ပေး နတ်ရေးငယ်ငင်
          ကျွန်တော့် အရင်အလုပ်ကထွက်ပြီးတော့ Owner ဘက်က Representative အဖြစ်ပြောင်းလုပ်ဖြစ်တယ်။  အဲဒီအချိန်ကစပြီးတော့ တရုတ်ဘက်ကို ရောက်သွားတာပဲ။  ပထမဆုံးစရောက်သွားတာက Keppel Nantong ဆိုတဲ့ သင်္ဘောကျင်း။  စလုံးကနေ အခွဲဖွင့်ထားတဲ့ ကျင်းပါ။  အရင် အဲဒီ ပရောဂျက်ရဲ့ Owner Rep. တွေကလည်း မြန်မာတွေပဲ။  နောက် အဲဒီအကိုက အလုပ်နောက်တစ်ခုကို ရွှေ့သွားတော့ သူ့နေရာကို ကျွန်တော်က လူစားဝင်တာ။  အဲဒီကျင်းမှာ သင်္ဘော ၆စီး ဆောက်နေတဲ့ အချိန်။  တရုတ်စရောက်သွားတဲ့အချိန်မှာ ပထမဆုံးသင်္ဘောက ရေချဖို့လုပ်နေပြီ။ 
          အဲဒီမှာ ပြဿနာက စတာပဲ။  သင်္ဘောက ရေချလို့ကို လုံးဝမရတာ။  Launching Rail ကရုရှားတွေ သင်္ဘောရေချတဲ့ပုံစံမျိုးဆောက်ထားတာ။  ရထားသံလမ်းလို လမ်းနှစ်လမ်းပြေးထားမယ်။  ပြီးရင် သင်္ဘောကို သံလမ်းအပေါ်မှာ ဘီးတွေဆင်ထားတဲ့ Skid ပေါ်တင်ထားမယ်။  ပြီးတော့ အဲ့ဒီ Skid ကို Winch နဲ့တွဲပြီး ရေထဲကို လျှောသွားတဲ့ သံလမ်းအတိုင်း တဖြည်းဖြည်းဆွဲယူသွားပြီး ရေတက်ချိန်ကိုစောင့်၊  ရေတက်လို့ သင်္ဘောကြွတက်လာရင် ဒါပြီးပြီပေါ့။  ဒါပေမယ့် အဲဒီတစ်ခေါက်က တော်တော့်ကို ပြဿနာတက်တာ။  ဆွဲချလိုက် လမ်းမှာ ဂျမ်းဖြစ်လိုက်၊ ပြန်ဆွဲတင်လိုက်။  နောက်တစ်ခေါက် ရေချပြန်တော့လည်း ရေချခါနည်း Launching Rail ကို Container သင်္ဘောက ၀င်တိုက်သွားပြန်ရော။  အဲဒါကို ပြန်ပြင်လိုက်။ ဒီလိုနဲ့ ၆ ခေါက်မြောက်အထိ ပထမဆုံး သင်္ဘောက ဘယ်လိုမှ ရေချလို့မရပြန်ဘူး။  နောက်ဆုံး ၇ ခေါက်မြောက်ကျတော့ သင်္ဘောရှေ့မှာ ပွဲတွေဘာတွေပေး။  အမွှေးတိုင်၊ ဖယောင်းတိုင်၊ ကြက်ကင်တွေ ဘာတွေနဲ့ ကျကျနန ပွဲပေးပြီး ချကြည့်လိုက်တော့ အဆင်အချောသားဗျာ။  ဟုတ်သည်မဟုတ်သည်တော့မသိ။  နောက်သင်္ဘောတွေကျတော့လဲ ပွဲတွေဘာတွေ အထူးတလည်ပေးမနေပါဘူး။  ဒီလိုပဲ ချောချောမောမော ရေထဲရောက်သွားတာပါပဲ။  တိုက်ဆိုင်တယ် ပြောရမှာပေါ့လေ။


သတိ…. ငါးမလှန်ရ
          ဒီမှာလည်း ထူးထူးခြားခြား တိုက်ဆိုင်တာလေးတစ်ခု ပြောရဦးမယ်။  အဲဒီ Keppel’ နန်တုန်းကျင်းမှာပဲ သင်္ဘောဆောက်ပြီး နောက်ဆုံးမြောက်အစီး။  ၆ စီးမြောက်ပေါ့လေ။  နောက်ဆုံးအစီးမှာ သင်္ဘောပြီးပြီးချင်းပဲ စာချုပ်အသစ်တစ်ခုရလိုက်တယ်။  အဲ့ဒီစာချုပ်က တရုတ်မှာဆောက်ပြီးသွားတဲ့ တခြား Crane Barge တစ်စီးကို စင်္ကာပူကို ပြန်ဆွဲယူသွားဖို့။  စာချုပ်တန်ဖိုးက စင်္ကာပူ ၁ သန်း။  လွန်ရောကျွံရော တစ်နာရီ ရေမိုင် ၄မိုင်လောက်နဲ့ ခုတ်ရင် ၃ ပတ်ကျော် ၄ပတ်ပေါ့။  Crew တွေရောက်လာပြီဆိုရင် ဟိုတယ် ဘာညာ လျှောက်စီစဉ်ပေး။  နေရာချ၊  စက်ချုပ်နဲ့ သူကြီးက အင်ဒိုတွေ။  Statutory သင်္ဘောပေါ်မှာ လိုတဲ့ စာရွက်စာတမ်းတွေကို လက်လွှဲ၊ သင်္ဘောကို ဆီဖြည့် (Banker) ယူတာ စောင့်ကြည့် (မဟုတ်ရင် တခါတလေ ပေါင်းရိုက်ခံရတာများတယ် (ဆီ ၁ တန်ကျော်လောက်ကွာသွားရင် ဘာဖြစ်လို့လဲ ဘာညာက အမြဲတမ်း အမေးခံရလို့)၊ Provision တွေတင်၊ Spare Parts တွေ လွှဲ၊ လက်မှတ်ထိုးခိုင်း၊ Port Clearance တွေလုပ် စသည် စသည်အားဖြင့်။  နည်းနည်းပိုပြီးများသွားတာက လမ်းမှာ ဆီမလောက်မှာစိုးလို့ Crane Barge ရဲ့ ဆီကန်မှာပါ ဆီဖြည့်ပြီးတော့ အဲဒီကန်ထဲကနေ သင်္ဘောပေါ်ကို လွှဲယူဖို့ ပင်လယ်ထဲမှာ သင်္ဘောနှစ်စီး ဘေးချင်းကပ် (alongside) လုပ်လို့ရဖို့စီစဉ်တာရယ်။  နောက်ပြီးတော့ Barge ရဲ့ Generator ကိုနှိုးပြီးတော့ သူတိုရဲ့ Transfer Pump ဆီကနေ Flexible Hose နဲ့ ကျွန်တော်တို့ သင်္ဘောဆီကို ဆီဖြည့်ဖို့ ခွင့်ပြုချက်ယူရတာဘာညာပေါ့။ 
ဒီအတွက် Operation Superintendent တစ်ယောက် ထပ်ဆင်းလာတယ်။  ထုံးစံအတိုင်းဆိုရင် ကျွန်တော့်တာဝန်က သင်္ဘောကောင်းကောင်းအလုပ်လုပ်ရင် ပြီးပြီ။  လက်လွှဲလက်ပြောင်းကိစ္စက Senior Superintendent တစ်ယောက်ယောက်ကလာပြီး လက်လွှဲပေးရတယ်။  ဒါပေမယ့် အဲဒီအချိန်က သူတို့လည်း သူတို့လည်း ချာလည်လည်နေတာနဲ့ ကျွန်တော်ပါ ပဲလှော်ကြားဆားညပ်။  ဒီလိုနဲ့ Barge ကိုဆွဲဖို့ Towing Line မီတာ ၆၀၀၊ ၆၅၀ အရှည် တွေဘာတွေပြင်၊ Emergency Towing Line တွေကို နေသားတစ်ကျ အရေးပေါ်လိုရင် အဆင်သင့်ဖြစ်အောင် ဖြန့်ခင်းပြီးတော့ Sea Fastening တွေဘာတွေလုပ်၊ Insurance က Towing Surveyor ဆင်းလာ၊ လက်မှတ်ထိုးခိုင်း၊  အကုန်လုံးပြီးတဲ့အချိန်ကျတော့ Operation Department ရဲ့ General Manager ဆင်းလာရော။ 
ညပိုင်း ညစာစားပွဲအသေးလေးလုပ်ကြတော့ ငါးဟင်းပါလာတယ်။  ငါးတစ်ကောင်လုံးကို ပေါင်းပြီးတော့ ဆော့စ်ဆမ်းထားတဲ့ဟင်းပေါ့လေ။  ရယ်ရယ်မောမော ပြောကြရင်းနဲ့ ဒီနယ်ခံတွေကတော့ သင်္ဘောထွက်ခါနီးရင် ငါးကို မလှန်ကြဘူး ဆိုပြီး သင်္ဘောကျင်းက တစ်ယောက်က ပြောပါတယ်။  ဘာဖြစ်လို့လဲလို့ မေးတော့ ငါးကိုလှန်လိုက်ရင် နမိတ်မကောင်းဘူးလို့ ယူဆကြတယ်ပေါ့။  သင်္ဘောလည်း မှောက်ချီ လှန်ချီဖြစ်တတ်တယ်လို့ ယုံကြည်ကြတယ်လို့ ပြောကြတယ်။  ဒါပေမယ့် GM ကတော့ အို…. ငါကတော့ ဒါတွေ အယုံအကြည့်မရှိပါဘူးဆိုပြီး ငါးကို လှန်ပြီးတော့ အခြားတစ်ဘက်ခြမ်းက ကျန်တဲ့ အသားတွေ ဖဲ့စားကြသပေါ့။
ဒီလိုနဲ့ သင်္ဘောလည်း Delivery တွေဘာတွေလုပ်ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး သင်္ဘောလေးလဲ Crane Barge ကိုဆွဲပြီးတော့ ထွက်သွားရောပေါ့။  Project ပြီးတော့လဲ ပြီးတာပဲ အိပ်ပြင်ပြီးတော့ နောက်ထပ် သင်္ဘောဆောက်မယ့် ရှန်ဟိုင်းကို သွားဖို့ပြင်နေတုန်းပဲ သတင်းကြားရတာ။  ဘာဖြစ်လဲဆိုတော့ လမ်းမှာ မုန်တိုင်းမိပြီးတော့ ကျွန်တော်တို့ သင်္ဘောနဲ့ Crane Barge ကိုဆွဲထားတဲ့ ကြိုးက  ပြတ်ထွက်သွားပါတယ်။  ပြတ်သွားတော့ သင်္ဘောသားတွေက သင်္ဘောကို ပြန်လှည့်ပြီးတော့ Emergency Towing Line နဲ့ပြန်ဆက်ပြီးတော့ သင်္ဘောကို ခဏထိန်းထားတယ်။  ဒါပေမယ့် Emergency Towing Line  ပါ ထပ်ပြီးတော့ ပြတ်ထွက်သွားပြန်တယ်။  ဒီတော့ မုန်တိုင်းထဲမှာ Crane Barge ကလည်း မျောချင်တဲ့နေရာမျော၊  ကျွန်တော်တို့သင်္ဘောကတော့ ဘေးကလိုက်ကြည့်ရုံပဲ တတ်နိုင်တာပေါ့။ 
နောက်ဆုံးတော့ Barge က ဆီတင်တဲ့ Tanker သင်္ဘောကို ၀င်အောင်းပစ်လိုက်ရော။  Tanker ရဲ့ Hull တစ်ခြမ်းလဲ ပိန်သွားသလို့၊ Barge လဲ ထိသွားပါတယ်။  နောက်ဆုံးတော့ ဟောင်ကောင်မှာ လွန်းပြန်တင်၊ Insurance က ပြန်ရပေမယ့်၊  အမြတ်မကျန်၊  အချိန်ကုန်၊ လူပန်း၊  အိတ်ထဲက ပြန်မစိုက်လိုက်ရတာပဲ ကံကောင်း။  စင်္ကာပူ ခဏပြန်ဖြစ်တော့ အဲဒီ Operation GM နဲ့ ထမင်းစားဝိုင်းတစ်ဝိုင်းမှာ သွားတွေ့ပြန်တယ်။  သူကတော့ ငါးတွေ့ရင် လှန်နေတုန်းပဲ။  
Add a comment...

Post has attachment
ကျွန်တော့်အလုပ်က သင်္ဘောဆောက်တဲ့ ရပ်ဝန်းထဲမှာပဲ ကျင်လည်နေရတာ။  ဒီလိုပါပဲ တခါတလေ ပျော်စရာလေးတွေ တွေ့ရတတ်သလို၊ တခါတလေကျတော့ အလွဲလေးတွေ တွေ့ရတတ်ပါတယ်။  စိတ်ဖိစီးမှု့ကတော့ ရံဖန်ရံခါ ရှိတတ်တာပေါ့လေ။  ထားလိုက်ပါတော့လေ။ 

ချာလည်လည်
          ပထမဆုံး အလုပ်စလုပ်ဖြစ်တာက စလုံးက သင်္ဘောကျင်းမှာ။  အဲဒီတုန်းက Engineering Department မှာ လက်ထောက် အင်ဂျင်နီယာပေါ့။  အဲဒီဋ္ဌာနမှာက အန္ဒိယက Draft Man ပုံဆွဲလေးတွေ ရှိတယ်။  ဆိုတော့ ဒီဇိုင်းကို ဟိုလိုလေး ပြင်ချင်တယ်၊ ဟိုဟာလေး ဖြည့်ချင်တယ် စသည်အားဖြင့် Modify လုပ်ချင်တာလေးတွေကို အဆိုပါ အန္ဒိယနွယ်ဖွား ကုလားလေးတွေနဲ့ နှစ်ပါးခွင်ကရသပေါ့။  ပထမဆုံးစရောက်တော့ ထုံးစံအတိုင်း ကုလားလေးကို ဟိုလိုလေးပြင်ချင်တယ်၊ ဒီလိုလုပ်ချင်တယ် စသည် စသည်အားဖြင့် ရှင်းပြတယ်။  ပြီးတော့ နားလည်လားဆိုတော့ ဟို ကုလားလေးက ခေါင်းခါပြသဗျ။  နားမလည်ဘူးထင်တော့ နောက်တစ်ခေါက်ရှင်းပြ။  နားလည်လားလို့မေးတော့ ခေါင်းခါပြပြန်ရော။  တတိယမြောက်အကြိမ်ကျတော့ နည်းနည်း ကျွဲမြီးတိုလာရော…. ငါပဲ ရှင်းမပြတတ်တာလား၊  ဒင်းပဲ နားမလည်တာလားဆိုပြီး မင်း နားလည်တာလား နားမလည်တာလားဆိုပြီးမေးတော့မှ ဟင် ငါနားလည်တယ်လို့ မင်းကို ခေါင်းခါပြနေတာပဲဟာကို ဆိုတော့မှ သြော်… ဒင်းတို့က နားလည်လည်း ခေါင်းခါ၊ နားမလည်လည်း ခေါင်းခါ သကိုးဆိုပြီး စသိတာ။  နောက်ပိုင်း စကားစပ်မိရင်း အန္ဒိယတွေ ခေါင်းခါတာ ခါတာနဲ့ ပြောကြတဲ့အကြောင့် ပြောကြတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကနောက်တယ်။  အန္ဒိယတွေ ဦးနှောက်ထဲမှာ အပေါက်တစ်ပေါက်ရှိသတဲ့။  နောက်ပြီးတော့ ဂေါ်လီလုံး တစ်လုံးလဲရှိသတဲ့။  ဒီတော့ ဒီအပေါက်ထဲကို ဂေါ်လီလုံးကျသွားရင် အသက်ရှုပေါက်ပိတ်ပြီးတော့ အသက်ရှုလို့မရတော့ဘူးပေါ့လေ။  အဲဒီတော့ သူတို့ စကားပြောတိုင်းမှာ ခေါင်းကို တစ်လှုပ်လှုပ်နဲ့ ဂေါ်လီလုံး အပေါက်ထဲမကျအောင် ထိန်းထိန်းပြောရတာပါတဲ့။



ဘက်တမ်ရဲ့ ညတစ်ည
          ကျွန်တော်အရင်အလုပ်လုပ်တဲ့ သင်္ဘောကျင်းက စလုံးမှာ တစ်ကျင်း၊ အင်ဒိုနီရှာ ဘက်တမ်ကျွန်းမှာ ၂ ကျင်း၊ တရုတ်မှာ တစ်ကျင်း ရှိတယ်။  ဒီတော့ စလုံးအထိုင်ဖြစ်ပေမယ့် အင်ဒိုမှာဆောက်တဲ့ သင်္ဘောတွေဆို တစ်ခါတစ်ရံတော့ အင်ဒိုဘက်သွားသွားပြီး စကားပြောရတာလေးတွေရှိတယ်။  နောက်တစ်ခုက သင်္ဘောစမ်းတဲ့အချိန် Sea Trial တို့ Bollard Pull တို့ ဆွဲတဲ့အချိန်ကျတော့ အင်ဒိုနီရှားရဲ့ ဘက်တမ်ကျွန်းဘက်မှာ သွားစမ်းရတယ်။  မှတ်မှတ်ရရ အဲဒီတစ်ခေါက်က ဆောက်တဲ့ သင်္ဘောက Water Injection Dredger လေး။  ဒီဇိုင်းက Tug Boat (တွန်းသင်္ဘော) ပုံစံပေမဲ့ သင်္ဘောနောက်မှာ U ပုံစံ Water Injection Pipe ကြီးခွေပြီးတော့ သောင်တွေကို ရေအားနဲ့ မှုတ်ထုတ်ပြီး Plowing ပါတွဲလုပ်လို့ရအောင် ဒီဇိုင်းလုပ်ထားတာ။  Deck ပေါ်မှာ A-Frame တစ်ခုထည့်ပြီးတော့ ပိုက်ကို အတင်အချ လုပ်လို့ရသပေါ့လေ။  Bollard Pull အတွက် A-frame ကို အဲဒီတုန်းက ဖြုတ်ထားတယ်ထင်တယ်။
အစက Project Engineer က မလေးတစ်ယောက်။  နောက် သူအလုပ်ထွက်သွားတော့ ကျွန်တော်က အဲ့ဒီသင်္ဘောရဲ့ လိုတာလေးတွေကို ကျွန်တော့် Project Manager နဲ့တွဲကူပြီး လုပ်ပေးရတာ။  Project Manager ကလည်း မြန်မာပဲ၊ နာမည်ကလည်း ကျွန်တော့်လို အောင်နဲ့စတာ။  ကျွန်တော့်ကို အစစ အရာရာ သင်ပေးတဲ့ ကျွန်တော့်ရဲ့ ဆရာ၊ ကျွန်တော့် အကိုတစ်ယောက်လိုခင်တဲ့ တစ်ယောက်။  ဒီ ပရောဂျက်ကလည်း အဖုအထစ် အတော်များတဲ့ ပရောဂျက်။  Sea Trial ထွက်တုန်းက ကပ္ပတိန်းငကြောင်က ကျွန်းပေါ်မှာထားတဲ့ တောင်၊ မြောက် မီးပြတိုက်နှစ်ခုကို တွေ့တော့ ဒီမီးပြတိုက် နှစ်ခုကြားထဲက ရေလမ်းကြောင်းဆိုပြီး Chart မကြည့်ဘဲ စွတ်မောင်းလိုက်တာ သင်္ဘောက ကျွန်းတည့်တည့်ကို ပြေးတိုက်ပြီးတော့ သောင်တင်ပါလေရော။  သောင်သွားတင်တဲ့ ကျွန်းက အင်ဒို ရေပိုင်နက်။  ညကြီးမင်းကြီး သင်္ဘောအကူလွှတ် ပြန်ဆွဲချ အဲဒါတွေကို ကျွန်တော့်မန်နေဂျာက ရှင်းပြီးတော့ နောက်တစ်ခေါက် Bollard Pull ဆွဲဖို့ အင်ဒိုကို သွားကြပြန်ရော။  Bollard Pull ဆိုတာက သင်္ဘောရဲ့ Thrust Power (တွန်းအား) ဟာ ဒီဇိုင်းထဲကအတိုင်း တွန်းနိုင်၊ မတွန်းနိုင်ကိုက်မကို သင်္ဘောပေါ်က Winch ရဲ့ Wire ကို ကုန်းပေါ်က Bollard မှာ ချည်ပြီးတော့ အင်ဂျင်ပါဝါကို ၈၀၊ ၈၅၊ ၉၀၊ ၉၅၊ ၁၀၀၊ ၁၁၀ စသည်အားဖြင့် သင်္ဘောစာချုပ်ထဲကအတိုင်း အဆင့်ဆင့်တင်ပြီးတော့ ကြိုးရဲ့ Tension ကို တိုင်း၊  အဲ့ဒီကပြတဲ့ ဆွဲအား “တန်” ကို မှတ်။  ဒါပါပဲ။  ဒါပေမယ့် ကြိုးပြတ်တာတို့ ဘာတို့ ဖြစ်ရင်၊ အဲဒီအချိန် ရှေ့မှာ သင်္ဘောဖြတ်သွားလို့ကတော့ နွားသိုးကြိုးပြတ်လို ပြေးတိုက်ဖို့ ရှိတာပေါ့လေ။  ဒီတော့ တော်တော်လေး သတိထားရတယ်။  ထားပါတော့လေ။
ဒီလိုနဲ့ Bollard Pull ဆွဲမယ်လုပ်တော့လဲ ဒီ ကပ္ပတိန်ငကြောင်ကောင်ကိုပဲ ကျင်းက ထည့်ပေးလိုက်တယ်။  Sea Trial တုန်းက ပြဿနာဖြစ်ပြီးတော့ Crew Department ကို ကပ္ပတိန်လဲပေးဖို့ ပြောပေမယ့် လူစားထိုးဖို့ မရှိလို့ပါတို့၊ ဒီတစ်ခေါက်တော့ ဘာပြဿမရှိနိုင်လောက်ပါဘူး၊ ဘာ.. ညာနဲ့ ဒီကပ္ပတိန်နဲ့ပဲ နှစ်ပါးသွားရပြန်ရော။  ဒီလိုနဲ့ Bollard Pull စပြီး စမ်းတော့ ကျွန်တော်က ကမ်းပေါ်က Tension Meter မှတ်တဲ့ ဘက်မှာ။  BV Surveyor တစ်ယောက်က သင်္ဘောပေါ်မှာ၊ နောက်တစ်ယောက်က ကျွန်တော်နဲ့အတူ။  သင်္ဘောက စထွက်ကထဲက စောင်းစောင်းကြီး။  ဟိုကပ္ပတိန်က ဘယ်လိုမောင်းနေတယ်မသိ။ Winch ရဲ့ ၀ါယာကြိုးက Propeller ကြားထဲ ညပ်တော့မလို၊ ညပ်တော့မလို၊  ကမ်းပေါ်က အော်တဲ့လူက ကုန်းအော်။ 
ဒီလိုနဲ့ လည်တည် လည်တည်နဲ့ ရေလည်ကိုရောက်သွားရော။  ရေလည်ရောက်သွားတဲ့အချိန်မှာ Bollard Pull ဆွဲမဲ့ကြိုးက သင်္ဘောဘေးရောက်နေပြီ။  သင်္ဘောကို ပြန်တည့်ဖို့၊ ကြိုးကို သင်္ဘောနဲ့ ရှေ့နောက် တန်းနေအောင်ထားဖို့ပြောနေတုန်းမှာပဲ ဟိုကပ္ပတိန်ကောင်က အင်ဂျင်ပါဝါကို ၈၀ % ဆွဲတင်ပစ်လိုက်ရော။  ဘာပြောကောင်းမလဲ သင်္ဘောကို ကြိုးနဲ့ ဘေးကနေ ဆောင့်ဆွဲလိုက်သလိုဖြစ်ပြီးတော့ သင်္ဘောတစ်ခြမ်းစောင်းသွားတာ Main Deck (ကုန်းပတ်) တစ်ခြမ်းလောက် ရေစိုသွားရော။  ထင်တယ်…  List ဖြစ်သွားတာ ၂၀ ဒီဂရီကျော်လောက်ရှိမယ်။  Winch ရဲ့ Emergency Release Button ကိုနှိပ်ဖို့၊  အင်ဂျင်ကို စက်သပ်ဖို့ကုန်းအော်…။   သွားပြီ သင်္ဘောတော့ မှောက်ပြီလို့ ထင်နေတာ။  တော်သေးတယ်။  ဒီ သင်္ဘောလေးက Stability တော်တော်ကောင်းတယ်။  ပြန်ပြီးတော့ မတ်လာသေးတယ်။ 
ဘာဖြစ်သွားလဲဆိုတော့ ပြန်ဆင်းလာတဲ့လူတွေ မျက်နှာဖြူဖတ်ဖြူရော်နဲ့ ပြန်ဆင်းလာကြတယ်။  BV က Surveyor အသစ်လေးဆိုရင် မျက်နှာက ဇီးစေ့လောက်ပဲ ရှိတော့တာ။  Owner ဘက်က ခပ်၀၀ အဖြူကောင်တစ်ယောက်ဆိုရင် Wheel House (စလင်ခန်း) အပြင်ဘက် ၀ရံတာလေးနေ ထွက်ကြည့်နေတာ။  သင်္ဘောလဲ စောင်းသွားရော ၀ရံတာလက်ရန်းကို ဖက်ထားများတာ မျောက်ကြီး အုန်းပင်တက်နေတဲ့အတိုင်း။  အဲ… နောက် သင်္ဘောပေါ်တက်ကြည့်တော့ Winch ရဲ့ Spooling Device က ရွဲ့ထွက်နေပြီ။  Winch ကလည်း တစ်ခြမ်းစောင်းသွားတယ်။  Design မှာက Towing Bit ထည့်မထားတော့ ကြိုးရဲ့ Direction လွဲသွားရင် Winch ဆီကို Direct Impact ရောက်တယ်။  အစပိုင်းကထည်းက ဒါကိုပြောပေမယ့် များသောအားဖြင့် ဒီ Winch က A-frame အတွက်ပဲ သုံးမှာဆိုပြီး ထည့်မထားတာ။  နောက်တော့ Winch ကိုပြန်ဖြုတ်၊ Maker ဆီပြန်ပို့၊ ပိုက်ဆံတော်တော်ကုန်သွားသပေါ့လေ။  အဲဒီကိစ္စပြီးတော့မှ Towing Bit ပြန်ထည့်တာ။
ဒီလိုအရေးပေါ်ဖြစ်တော့ သင်္ဘောကို စလုံးကို ပြန်မဆွဲတော့ပဲ အင်ဒိုက ကျင်းမှာပဲ ထားခဲ့တယ်။  ကျွန်တော့်မန်နေဂျာက မင်းသင်္ဘောစောင့်ဆိုပြီးထားခဲ့တော့ သင်္ဘောပေါ်မှာ ငုတ်တုတ်ပေါ့။  ခက်တာက သင်္ဘောကအရေးပေါ်ကပ်တော့ ကျင်းဘေးမှာ Along Side (ကမ်းကပ်)ဖို့နေရာကမရှိ။  ဒီလိုနဲ့ သင်္ဘောက Offshore Rig တွေပြင်တဲ့ဘေးနားမှာ ကျောက်ဆူးချပြီးထားတာ ကျင်းက ခပ်ပြပြပဲ မြင်ရတော့တယ်။  နောက်ပြီးတော့ Bollard Pull တစ်ခုထဲဆိုပြီး သင်္ဘောပေါ်မှာ စားစရာများများစားစား ဘာမှ ထပ်ယူမလာဘူး။  Sea Trail လက်ကျန် ခေါက်ဆွဲခြောက်လေး ၄ ထုပ်ထားကျန်တယ်၊ ရေဘူးတွေတော့ တော်တော်များများလေး ကျန်တယ်။  သင်္ဘောပေါ်မှာက ကျွန်တော်ရယ် ဘင်္ဂလား ကုလားလေးတစ်ကောင်ရယ် ဒါပဲကျန်တယ်။  ဒီလိုနဲ့ တဖြည်းဖြည်းမိုးချုပ်လာရောဆိုပါတော့လေ။
နေ့လည်ကထည်းက ဘက်တမ်ကျင်းမန်နေဂျာ ကိုရီးယားဆီကို လှမ်းဖုန်းဆက်၊  ဖြစ်ပျက်သမျှအကြောင်းပြောပြ၊  အစာလှမ်းတောင်းထားတာကလည်း ညနေ ခြောက်နာရီလောက်အထိ ပေါ်မလာ။  နောက်ပြီးတော့ လုံခြုံရေး ၆ ယောက်လောက်လွှတ်ပေးဖို့ ပြောထားတာကလည်း မလာ။  ဂျင်နရေတာနှိုးထားပြီးတော့ သင်္ဘောရဲ့ မီးစုံအကုန်ဖွင့်ထားရတယ်။  ကျန်တဲ့ ၂ ယောက်မှာ ဘင်္ဂလားလေးကို အင်ဂျင်ခန်းထဲလွှတ်ပြီးတော့ ဆီကျန်နဲ့ Cooling ကို စောင့်ခိုင်းထား။ ကျွန်တော်ကတော့ Deck  Watch တက်လုပ်။ 
ညနေ နေ၀င်တာနဲ့ စတာပဲ။  ဘာစတာလဲဆိုတော့ အင်ဒို ငါးဖမ်းလှေလေးတွေ အများကြီး သင်္ဘောဘေးကို ကပ်လာတာ။  ဒီကောင်တွေ မီးလုံးတွေ့မီးလုံး၊  Valve တွေ့ Valve၊ ကုန်ကုန်ပြောရရင် သင်္ဘောအစောင့်မရှိရင် ကျောက်ဆူးကြိုးပါ မီးနဲ့ ဖြတ်ပြီးတော့ ရောင်းစားတဲ့အကောင်တွေ။  သင်္ဘောနားကပ် ရသမျှ ဘောကွင်းကအစ၊ အကုန်ဖြုတ်ယူတော့ ရှိသမျှ Loose Item တွေအကုန်လုံး သင်္ဘောထဲရွှေ့ထည့်။  ကျီးကြည့် ကြောင်ကြည့်နဲ့ ကပ်လာသမျှအကုန်လုံး မောင်းလွှတ်။  ဗိုက်ကလည်းဆာ။  ဒီလိုနဲ့ ည ရနာရီကျော်မှ အစာလာပို့တဲ့ လှေကလေးရောက်လာတော့တယ်။   လုံခြုံရေးကတော့ ည ၁၁ နာရီထိုးလောက်မှ သင်္ဘောပေါ်ရောက်လာတော့တယ်။  လုံခြုံရေးရောက်လာတော့မှ နည်းနည်းလေး စိတ်ချလက်ချဖြစ်ပြီး တစ်ရေးလောက် မှေးလို့ရတော့တယ်။  
Add a comment...

Post has attachment
အရွယ်လွန်လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဟင် ဒါမျိုးက ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်းထင်မိမယ်။  ဒါပေမယ့် ဒါဟာ လက်ရှိ ရှန်ဟိုင်းနဲ့ ဘေဂျင်းလို အာဘန်(Urban) မြို့ကြီးတွေမှာ လူနေမှု့ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု။  တစ်ကယ်တော့ အရွယ်လွန်တွေရဲ့ ခံစားမှု့ကို ကိုယ်စားဝင်ပြီးတော့ ခံစားကြည့်ရင် တော်တော်လေး အထီးကျန်ဆန်တာကို တွေ့ရတယ်။  အပြင်ပိုင်းမှာ သွက်လက်တက်ကြွ ထက်မြက်တဲ့ သဏ္ဍာန်နဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်ကိုယ်စီ လုပ်နေပေမယ့် သူတို့ဘ၀မှာ ၀မ်းနည်းစရာတွေ ကြုံတဲ့အခါ၊ တစ်ဦးဦးကို ရင်ဖွင့်ချင်တဲ့အခါမှာ ရင်ခွင်ဖက်မရှိတဲ့ အဖြစ်ကို တစ်ခါတစ်လေ အလန့်တကြားတွေ့မိကြတယ်။
          ငယ်စဉ်ဘ၀ကထဲက စာမှစာ တစ်မျိုးထဲကို စိတ်ဝင်စားပြီးတော့ အမြင့်ဆုံးအမှတ်နဲ့ အဆင့်အမြင့်ဆုံးတက္ကသိုလ်ကို ၀င်ရောက်၊ အဆင့်မြင့်လှတဲ့ ဘွဲ့လက်မှတ်တွေနဲ့ သောင်း၊သိန်း ချီတဲ့ လစာတွေကိုလက်ရှိရနေတဲ့ အာဘန်မြို့ကြီးတွေက မိန်းကလေး တွေမှာ ဒီလို အရွယ်လွန် လူတန်းစားဆိုတဲ့ အလွှာတစ်ခုကို တွေ့ရတယ်။  ဘ၀တစ်ခုမှာ ရည်မှန်းချက်ကိုယ်စီရှိကြတယ်။  ဒီအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းကြတယ်။  ရလဒ်ကောင်းတွေ ပိုင်ဆိုင်ကြတယ်။  ဒါပေမယ့် ရုပ်ဝတ္တုပိုင်ဆိုင်မှု့တွေ အားလုံးပြည့်စုံတယ်လို့ ယူဆမိတဲ့အချိန်မှာ သူတို့တွေရဲ့ လူနေမှု့ဘ၀ကို ပြန်ကြည့်တော့ လူဆိုတာ စက်ရုပ်မဟုတ်ဘူးဆိုတာကို သွားတွေ့ကြတယ်။  အဲဒီအချိန်မှာ ဆိုးတူ ကောင်းဖက် မျှဝေဖို့ လက်တွဲဖော်က ဘေးနားမှာ ရှိမနေဘူး။  နှလုံးသားရဲ့ ရင်ခုန်သံကို သူတို့ သတိမပြုမိခဲ့ကြဘူး။ 
          ဒါပေမယ့် သူတို့ရဲ့ အသက်အရွယ်ကို ပြန်ကြည့်မိလိုက်တဲ့အချိန်မှာ အရွယ်လွန်နေပြီ။  အရွယ်လွန်လို့ ကျွန်တော်ကရေးပေမယ့် တကယ်တမ်းသူတို့ရဲ့ အသက်က ၂၅ ကနေ ၃၀ ၀န်းကျင် သာသာပဲရှိသေးတာ။  ဟင်.. ဒါ အရွယ်လွန်လားလို့မေးရင် တရုတ်ပြည်မှာတော့ ဟုတ်တယ်.. အရွယ်လွန်နေပြီ။  အသက် ၁၈ ကနေ ၂၀ အတွင်းမှာ အိမ်ထောင်ဖက် မရွေးချယ်နိုင်ရင် မိန်းကလေးတွေဆိုရင် အသက်ကြီးသွားကြပြီလို့ ယူဆကြတယ်။  ဒါဆိုရင် သူတို့ကို လက်ထပ်မဲ့သူ မရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ 
          ရင်ခုန်သံကို ခဏမေ့ထား၊  ဂုဏ်ရည်မတူ၊ ရာထူးမတူ၊ ၀င်ငွေမတူ စသည်အားဖြင့် ပေတံတွေနဲ့ တိုင်းပြီးတော့ ကြင်ယာဖက်ကို ရှာကြလေတော့ သူတို့ကို လက်ထပ်ချင်ကြတဲ့လူတွေကလည်း သူတို့မျှော်လင့်တဲ့ စံချိန် ပေမမီ။  ပေမီတဲ့ လူတွေကျတော့လည်း သူတို့ထက် အသက်ငယ်သူတွေကိုသာ ယူကြလေတော့ ဒီကြားထဲမှာ အရွယ်လွန် လူတန်းစားဆိုပြီး ပေါ်လာရော။  Sex and the City ဆိုတဲ့ ရုပ်ရှင်ထဲကလိုပေါ့။
          ဒါ့ကြောင့် ဒီလိုမြို့ကြီးတွေရဲ့ Night Life ကိုကြည့်လိုက်ရင် မိန်းကလေး အလွှာနှစ်မျိုးကွဲနေတာကို တွေ့ရတယ်။  တစ်မျိုးက 5C လို့ခေါ်တဲ့ မိန်းကလေးတွေ။  နောက်တစ်မျိုးကတော့ အရွယ်လွန်တွေပါ။  5C ဆိုတာက Car, Condo, Credit Card, Cash and Certificate ကိုဆိုလိုတာပါ။  ကားရှိ၊ ကွန်ဒိုရှိ၊ ခရက်ဒစ်ကဒ်ရှိ၊ ငွေရှိ၊ ဘွဲ့လက်မှတ် မြင့်လို့ ရာထူးကောင်းတဲ့ အမျိုးသားတွေကို လိုက်ရှာနေတဲ့ မိန်းကလေးမျိုး။  လောလောဆယ် ကျွန်တော်တို့ဆီမှာလည်းခေါ်နေတဲ့ “စပွန်ဆာ”  ပေါ့။  သူတို့ဆီမှာတော့ 5C လို့ခေါ်ကြတယ်။  အရွယ်လွန်အလွှာကျတော့ ကျွန်တော့် အတွက် အနည်းငယ်ထူးဆန်းနေတယ်။  ရုပ်ရည်အားဖြင့်ကလည်း အပြစ်ပြောရက်စရာမရှိ၊  အချစ်ကလွဲလို့ ကျန်တာအားလုံးကလည်း ပြည့်စုံ။  သူတို့ရဲ့ဘ၀က တစ်ခါတစ်လေတော့ တော်တော့်ကို Depression ၀င်ဖို့ကောင်းလိမ့်မယ်လို့ထင်တယ်။  တစ်ခါတစ်လေကျတော့လည်း သူတို့ သွေးသားဆန္ဒတောင့်တချက်ကြောင့် တစ်ညတာ ချစ်သူတွေကို ရှာချင်ရှာပြန်ရော။  ဒီလိုနဲ့ပဲ အရွယ်လွန်တွေရဲ့ဘ၀က ဆက်သွားဦးမယ်ထင်တာပါပဲ။  Urban City တွေရဲ့ Night Life ကတော့ လက်လက် မြူးတူးဆဲပေါ့။
Add a comment...

Post has attachment
တရုတ်နိုင်ငံ ဟာဘင်မြို့မှာတော့ စက်ရုပ်စားသောက်ဆိုင် အသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။  ဒီစားသောက်ဆိုင်မှာတော့ ဧည့်ကြို၊ စားဖိုမှုး၊ စားပွဲထိုးကစလို့ အားလုံးဟာ စက်ရုပ်တွေချည်းပါပဲတဲ့။  တစ်ကယ်လို့ သင်သွားပြီး စားသောက်မယ်ဆိုရင် ဧည့်ကြို စက်ရုပ်က သင့်ဆီလာပြီးတော့ “စက်ရုပ်စားသောက်ဆိုင်မှ ကြိုဆိုပါတယ်ရှင်…  လူကြီးမင်းတို့အားလုံး မင်္ဂလာပါ” ဆိုပြီး နှုတ်ဆက်ဦးမှာ။  ပြီးတော့ စားချင်တာတွေကို Menu ကြည့်ပြီးမှာလိုက်၊  စက်ရုပ် စားဖိုမှုးက ချက်ပြုတ်ကြော်လှော်ပေးဦးမှာ။  ပြီးရင် စက်ရုပ်စားဖွယ်ထိုးက သင့်စားပွဲအရောက် အစားအသောက်တွေ လာပို့ဦးမှာပါတဲ့။
          ဒီ စက်ရုပ်စားသောက်ဆိုင်မှာတော့ စက်ရုပ်စားပွဲထိုးပေါင်း ၂၀ လောက်က မှာယူတဲ့ ဟင်းလျှာတွေကို ပို့ဆောင်ပေးပြီးတော့၊ ဖက်ထုတ်တွေ၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်တွေ မှာယူလို့ရပါတယ်။  သင် စားသောက်နေတဲ့အချိန်မှာလည်း စက်ရုပ် ဖျော်ဖြေရေးအဖွဲ့က တေးသီချင်းတွေ သီဆိုတီးမှုတ်ပြီး ဖျော်ဖြေပေးဦးမှာပါတဲ့။ 
Add a comment...

Post has attachment
၁၉၈၂ခုနှစ်၊ နိုဝင်ဘာလ ပေဖူးလွှာမဂ္ဂဇင်း အမှတ် ၁၈ ရဲ့ အင်တာဗျူး မှာ ဆရာ ဦးဝင်းငြိမ်းက ဆရာ မောင်ဝဏ္ဏကို အင်တာဗျူးထားတဲ့ အခန်းလေးပါ။  ဆရာ မောင်ဝဏ္ဏရဲ့ အနုပညာအပေါ် တန်ဖိုးထား ခုံမင်မြတ်နိုးမှု့ကို ကြိုက်လွန်းလို့ ဘလော့ဂ်ပေါ်ကို တင်ဖြစ်သွားတာပါ။
Add a comment...

Post has attachment

Post has attachment
 အရုပ်ကျွန်း ဆိုတာက မက္ကစီကိုနိုင်ငံ မှာရှိတဲ့ ထူးဆန်းတဲ့နေရာလေးပါ။  ဒီကျွန်းလေးတစ်ခုလုံးမှာ ရာပေါင်းများစွာသော အရုပ်တွေနဲ့ ပြည့်နေပါတယ်။  ဒါပေမယ့် အဲ့ဒီအရုပ်တွေအားလုံးဟာ ကိုယ်လက်အင်္ဂါမစုံတဲ့ အရုပ်တွေချည်းပါပဲ။  ခြေပြတ်လက်ပြတ် အရုပ်တွေ၊ ခေါင်းပြတ်အရုပ်တွေကို ကျွန်းရဲ့ သစ်ပင်တွေ၊ ထိုင်ခုံတွေ အနှံမှာ ချိတ်ဆွဲလို့ထားပါတယ်။ 
          ဒီကျွန်းလေးရဲ့ ပုံပြင်လေးကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။  အစတုန်းကတော့ ဒီနေရာလေးဟာ လူသူမရှိတဲ့ နေရာလေးတစ်ခုပါပဲ။  ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်တုန်းက ဒွန် ဂျူလီယံ ဆန်တာနာ ဆိုတဲ့ လူတစ်ယောက် ရေနစ်ပြီးသေဆုံးနေတဲ့ ကလေးငယ်တစ်ယောက်ရဲ့ အလောင်းကို ဒီနေရာလေးနားက တူမြောင်းထဲမှာတွေ့ခဲ့ပါတယ်။  ဒီလိုတွေ့ရှိခဲ့တဲ့ အချိန်ကစပြီးတော့ အဆိုပါ မိန်းကလေးဟာ ဒွန်ကို အမြဲတမ်းခြောက်လှန့်နေပါသတဲ့။  ဒီလိုနဲ့ ဒွန်ဟာ တူးမြောင်းထဲမှာမျောနေတဲ့ အရုပ်တစ်ခုကို ယူပြီးတော့ သစ်ပင်တစ်ပင်မှာ ချိတ်ဆွဲကာ မိန်းကလေး စိတ်ကျေနပ်စေဖို့ ပြုလုပ်ခဲ့ပါသတဲ့။  ဒွန်က သူ့အထင် ဒီလိုအရုပ်ကို ချိတ်ဆွဲလိုက်ခြင်းအားဖြင့် မိန်းမငယ်လေး ကျေနပ်နှစ်သိမ့်ပြီး ဒီကျွန်းလေးကိုလည်း အခြားသော မကောင်းဆိုးဝါးတွေ မလာဘူးလို့ ထင်မြင်ပြီး ချိတ်ဆွဲခဲ့တာပါ။
          ဒါပေမယ့် မိန်းမငယ်လေးဟာ ဒွန်ကို ဆက်လက်ခြောက်လှန့်နေတုန်းပါပဲတဲ့။  ဒီလိုနဲ့ ဒွန်ဟာ တူးမြောင်းထဲမှာရှိနေတဲ့ အရုပ်တွေ၊ အရုပ်တွေရဲ့ အပိုင်းအစတွေကို ဆယ်ယူပြီးတော့ အရုပ်တစ်ရုပ်ချင်းစီကို တစ်နေရာစီမှာ သေသေချာချာကို ချိတ်ဆွဲခဲ့ပါသတဲ့။  ဒီလိုချိတ်ဆွဲပေမယ့်လည်း ဒွန်ဟာ သူ့ကို ခြောက်လှန့်နေတဲ့ ၀ညာဉ်လက်ကနေ မလွတ်မြောက်နိုင်ပါဘူးတဲ့။  ဒီလိုနဲ့ ဒွန်တစ်ယောက်ဟာ စွန့်ပစ်ထားတဲ့ အရုပ်တွေကို လိုက်လံစုဆောင်းတော့တာပါပဲ။  သူ့ဘ၀တစ်လျှောက်လုံးမှာ သူကိုယ်တိုင်စိုက်ပျိုးတဲ့ သီးနှံတွေနဲ့ အရုပ်တွေကို လဲယူတဲ့အထိ ဒွန်ဟာ အစွဲအလမ်းကြီးခဲ့ပါတယ်။
           ဒွန်သေဆုံးပြီးသွားတဲ့နောက်မှာတော့ ဒီကျွန်းကလေးအကြောင်းကို လူသိများလာပြီးတော့ လာရောက်လည်ပတ်သူတွေလည်း များလာပါတယ်။  ဒီအထဲမှာ ရုပ်မြင်သံကြား ဋ္ဌာနတွေကပါ လာရောက်ရိုက်ကူးပြီးတော့ အစီအစဉ်တစ်ခုမှာ ဒီ အရုပ်ကျွန်းလေးဟာ တစ်ကယ့်ကို သရဲခြောက်ပါတယ်ဆိုပြီးတောင် ပါပါသတဲ့။
Add a comment...
Wait while more posts are being loaded